မှန်ကန်တိကျတဲ့ သွေးပေါင်ချိန်ရအောင် ဘယ်လိုတိုင်းရမလဲ
ခေတ်မီတိုးတက်နေတဲ့ ခေတ်ကြီးမှာ သူဌေးရောဂါလို့ ဆိုကြတဲ့ သွေးတိုးရောဂါ ဖြစ်ပွားနှုန်းကလည်း တိုးတက်နေပါတယ်။ သွေးတိုးရောဂါဟာ နာတာရှည်ရောဂါ ဖြစ်ပြီး ကုသပျောက်ကင်းတဲ့ဆေး မရှိသေးဘဲ ဆေးသောက်ကာ အနေအထိုင်အစားအသောက်ကို ဆင်ခြင်နိုင်ပါမှ သွေးပေါင်ချိန်ကို ပုံမှန်ထိန်းနိုင်ပြီး နောက်ဆက်တွဲ လေဖြတ်၊ ဦးနှောက်သွေးကြောပြတ်တာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။
သွေးပေါင်ချိန်ကို ပုံမှန်ထိန်းနိုင်ဖို့ ဆိုရင် သွေးပေါင်မှန်မှန် ချိန်ဖို့လည်း လိုအပ်လာပါပြီ။ အခုခေတ်မှာ ခေတ်မီ Digital သွေးပေါင်ချိန်စက်တွေ ရှိလာပါပြီ။ ဒါပေမယ့် ဆေးပညာရှင် မဟုတ်သူတွေအဖို့ တိုင်းလိုက်တဲ့ သွေးပေါင်ချိန်က အမှန်မဟုတ်မှာလည်း စိုးရိမ်စရာ ကိစ္စတစ်ခုမို့ မှန်ကန်တိကျတဲ့ သွေးပေါင်ချိန်ရအောင် ဘယ်လိုတိုင်းမလဲဆိုတာကို ပြောပြချင်ပါတယ်။
- အိမ်မှာ သွေးပေါင်ချိန်ဖို့ စက်ဝယ်တဲ့အခါ လက်ကောက်ဝတ်ပတ်ထက် လက်မောင်းပတ် သွေးပေါင်ချိန်တိုင်းစက်က ပိုပြီးသင့်တော်ပါတယ်။ လက်မောင်းပတ်ရဲ့ အကျယ်ဟာ ပခုံးကနေ တံတောင်ဆစ်ကြား အကွာအဝေးရဲ့ ၄၀-၈၀% ခန့် ရှိဖို့ လိုအပ်ပြီး အလျားအနေနဲ့ လက်မောင်းပတ်လည်ရဲ့ ၇၅-၁၀၀% ကို သေသေချာချာ ပတ်မိဖို့ အရေးကြီးပါတယ်။ အရွယ်အစား မမှန်ရင် အမှန်တကယ် ရှိတဲ့ သွေးပေါင်ချိန်ထက် နည်းတာ၊ များတာ ဖြစ်နိုင်ပါတယ်။
- ကွာလတီကောင်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီက ပစ္စည်းဖြစ်ဖို့နဲ့ အာမခံပါတဲ့ ပစ္စည်းဖြစ်ဖို့ကလည်း အရေးကြီးတဲ့ အချက်ပါ။ အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေက စိတ်ညစ်ပြီး ခေါင်းကိုက်နေရမယ် မဟုတ်လား။
အဖြေတိတိကျကျရအောင် ကိုယ်တိုင်ကိုယ်ကျ သွေးပေါင် ဘယ်လို တိုင်းမလဲ?
- တိကျမှန်ကန်တဲ့ သွေးပေါင်ရဖို့ ဆိုရင် တိုင်းတဲ့အချိန်မှာ အနည်းဆုံး ဆယ်မိနစ်ခန့် ငြိမ်သက်စွာ နားနေပြီးမှ တိုင်းဖို့လိုသလို စိတ်လှုပ်ရှားတာ၊ စိတ်ဖိစီးတာမျိုး ဖြစ်မနေဖို့လည်း လိုပါတယ်။
- တိုင်းနေတဲ့အချိန်မှာ စကားပြောတာ၊ လှုပ်ရှားတာတွေ မလုပ်ရပါဘူး။
- ထိုင်ခုံပေါ်မှာ နောက်မှီကို မှီကာ မတ်မတ်ထိုင်ပြီး စိတ်ကို လျှော့ထားပါ။ ခြေထောက်နှစ်ဖက်ကို ကြမ်းပြင်မှာ ချထားပါ။ လက်မောင်းနဲ့ လက်ကို စားပွဲပေါ်မှာ အသာအယာ တင်ထားပါ။ လက်သီးဆုပ် မထားပါနဲ့။
- လက်ပတ်ကို လက်မောင်းမှာ သေချာပတ်ပါ။ လက်ပတ်အောက်မှာ လက်နှစ်လုံးစာ ချန်ထားပြီး ပတ်ပါ။ ပတ်တဲ့အခါ ကြိုးတွေကို တံတောင်ဆစ်အရှေ့ဘက်မှာ ရှိနေစေရပါမယ်။
- ပြီးရင် ခလုတ်ကို နှိပ်ပါ။ လေတင်းလာတဲ့အခါ ခဏတာ မသက်မသာ ခံစားရပြီး လေအလိုလို လျော့သွားတဲ့အခါ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို ဖော်ပြတဲ့ ဂဏန်းလေးတွေ ပေါ်လာပါလိမ့်မယ်။
- သွေးပေါင်ချိန်ကို အပေါ်သွေး၊ အောက်သွေးနဲ့ ဖော်ပြလေ့ရှိပြီး ပုံမှန်ဆိုရင် 140/ 90 mmHg အောက်သာ ရှိသင့်ပါတယ်။
ဒီလောက်ဆိုရင် သွေးပေါင်ကို စနစ်တကျ ဘယ်လိုတိုင်းရမလဲ ဆိုတာ သိမယ်ထင်ပါတယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးပါ။ မိမိကျန်းမာရေးကို စောင့်ရှောက်ရာမှာ သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးတာကလည်း လုပ်သင့်တဲ့ အရာတစ်ခုပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်